Friday, March 25, 2016

ယူရို ၂၀၁၆ ပြိုင်ပွဲကြီးမှာ တောက်ပလာနိုင်တဲ့ ကြယ်ပွင့်သစ်များ


ဒီနေ့ခေတ် ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ နေရာတစ်ခုအတွက် ယှဉ်ပြိုင်မှုက နယ်ပယ်တိုင်းမှာ ပြင်းထန်လာပါပြီ။ ဒါ့အပြင် ကလပ်အသင်းတိုင်းလိုလိုက လူငယ်စီမံကိန်းတွေကို အလေးထားလုပ်ဆောင်လာတာကြောင့် နာမည်ကြီးဘောလုံးသမားတိုင်းဟာ နောက်ပေါက် လူငယ်တွေရဲ့ ပခုံးချင်းယှဉ်ခြိမ်းခြောက်လာနိုင်ခြေကို အမြဲတမ်း စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ဥရောပ ဘောလုံးလောကမှာ ဒီအနေအထားတွေက ပိုပြီးထင်သာမြင်သာ ရှိလာပါတယ်။
အခုနွေရာသီမှာတော့ ပြင်သစ်နိုင်ငံမှာ ယူရို ၂၀၁၆ (ဥရောပဖလား) ဘောလုံးပြိုင်ပွဲကို ကျင်းပမှာဖြစ်ပြီး ဥရောပထိပ်သီးဘောလုံးနိုင်ငံတွေရဲ့ လက်ရွေးစင်အသင်းတွေမှာ လူငယ်သွေးသစ်တော်တော်များများ ထွက်ပေါ်လာမယ်လို့ ယုံကြည်ရပါတယ်။ အထူးသဖြင့် ဘောလုံးနိုင်ငံကြီးတွေက အောင်မြင်တဲ့ မျိုးဆက်တွေကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးကို အရေးကြီးမဟာဗျူဟာ တစ်ရပ်အဖြစ် ကျင့်သုံးလာတာကြောင့် နည်းပြတွေကလည်း လူငယ်တွေကို ပိုပြီးနေရာပေးရွေးချယ်လာပါတယ်။ အခုဆောင်းပါးမှာတော့ ယူရို ၂၀၁၆ မှာ ပါဝင်ယှဉ်ပြိုင်မယ့် အင်အားကြီး အသင်းတွေရဲ့ အသက် (၂၃) နှစ်နဲ့အောက် လူငယ်ရင်းမြစ် ပိုင်ဆိုင်မှုတွေကို ဖော်ပြလိုက်ပါတယ်။ အဲဒီထဲက ဘယ်သူတွေများ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ခြေစွမ်းပြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
 ပြင်သစ်
အိမ်ရှင် ပြင်သစ်အသင်းဟာ နေရာအလိုက် နိုင်ငံတကာအဆင့်လူငယ်ကစားသမားကောင်းတွေကို အတောင့်တင်းဆုံး ပိုင်ဆိုင်ထားပါပြီ။ တိုက်စစ်မှာဆို မန်ချက်စတာယူနိုက်တက်ရဲ့ အန်ထော်နီမာရှယ်၊ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားလေး ကင်စလေကိုမန်တို့ဟာ အသက် (၂၀) ခန့်စီပဲ ရှိကြသေးပြီး ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ရွေးချယ်ခံရဖို့ ဂဏန်းငြိမ်နေပြီလို့ ဆိုရပါမယ်။ ကွင်းလယ်မှာလည်း ဂျူဗင်တပ်ရဲ့ ပေါလ်ပေါ့ဂ်ဘာဟာ ကမ္ဘာပေါ်မှာ ရှိသမျှ အသင်းတိုင်းက အလိုရှိနေတဲ့ ကစားသမားမျိုးပါ။ ဒါ့အပြင် အိုလံပစ်လိုင်ယွန်ရဲ့ နာဘီလ် ဖီကာ၊ အင်တာမီလန်ရဲ့ ယက်ဖရေ ကွန်ဒေါ့ဘီရာ၊ ပီအက်စ်ဂျီရဲ့ အက်ဒရီယန်ရာဘီယော့တို့ဟာလည်း မြန်မြန်ဆန်ဆန်တိုးတက်လာနေသလို နိုင်ငံတကာ အတွေ့အကြုံရှိနေတဲ့ လူငယ်တွေပါ။ ပြင်သစ်ရဲ့ သွေးသစ်အင်အားစုမှာ နောက်ထပ်အတောင့်တင်းဆုံးအပိုင်းကတော့ ခံစစ်ကြောင်းပါပဲ။ ရာဖာရဲလ်ဗာရာနီဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးပြသနေသူဖြစ်ပြီး ပြင်သစ်ရဲ့ ပွဲထွက်ဗဟိုခံစစ်သမားတစ်ယောက်ဖြစ်နေပါပြီ။ ချယ်လ်ဆီးရဲ့ ကက်ဇူးမား၊ ပီအက်စ်ဂျီရဲ့ လေဗင်ကာဇာဝါ၊ ဘီလ်ဘာအိုရဲ့ အေမာရစ်လာပေါ်တေး၊ ရိုးမားရဲ့ လူးကက်စ်ဒီဂျနီတို့ဟာ ယူရိုပြိုင်ပွဲမှာ ပါဝင်လာဖို့ အလားအလာ ကောင်းနေသူတွေဖြစ်ပြီး လိုင်ယွန်မှာ ခြေစွမ်းပြနေတဲ့ ဆင်မြူရယ်လ် အမ်တီတီလည်း နည်းပြ လောရင့်ဘလန့်ရဲ့ အခေါ်ကို စောင့်မျှော်နေပါပြီ။
အသက် (၂၃) နှစ်အောက် မဟုတ်ပေမယ့် အန်ထော်နီဂရိဇ်မန်း၊ နာဂိုလိုကန်တေး၊ အီလိုင်ကွင် မန်ဂါလာ၊ အလက်ဇန္ဒားလာကာဇက်တေးတို့လို အရွယ်ကောင်းခြေစွမ်းထက် ကစားသမားတွေလည်း ရှိနေသေးတာကြောင့် အနာဂတ်ပြင်သစ်ရဲ့ စုဖွဲ့မှုဟာ အားကျစရာ ကောင်းလောက်အောင် တောင့်တင်းနေမှာ သေချာပါတယ်။ အားနည်းချက်ကတော့ ညာခြမ်းခံစစ်နဲ့ ဂိုးသမားနေရာတွေမှာ အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ လူငယ်တွေ ပြင်သစ်မှာ မရှိသေးပါဘူး။
အီတလီ
အီတလီကတော့ ဝါရင့်ကစားသမားကြီးတွေကို တဖြည်းဖြည်းဖယ်ထုတ်ပြီး သွေးသစ်လောင်းဖို့ ကြိုးစားနေဆဲ အဆင့်မှာပဲရှိပါသေးတယ်။ ဒါပေမဲ့ ကံကောင်းတာက စူပါကြယ်ပွင့်ကြီးတွေ နေရာကို တိုက်ရိုက်ဆက်ခံနိုင်လောက်တဲ့ အစွမ်းထက်လူငယ်တွေ အီတလီဘောလုံးမျိုးဆက်မှာ ထွန်းတောက်နေတာပဲ ဖြစ်ပါတယ်။ ဂိုးပေါက်မှာ ဂီယန်လူဂီဘူဖွန်ရဲ့ အရိုက်အရာကို လွှဲယူမယ့် ဂျီနိုအာ ဂိုသမားလေး မက်တီယာပီရင်၊ အင်ဒရီပီယာလို လက်သစ်အဖြစ် တင်စားခံရတဲ့ ပီအက်စ်ဂျီ ကွင်းလယ်ဖန်တီးရှင်လေး မာကိုဗာရတ်တီတို့ဟာ အီတလီရဲ့ အဓိကကျောရိုးသစ်တွေ ဖြစ်လာမှာပါ။ အသက် (၁၇) နှစ်ပဲ ရှိသေးပေမယ့် အကောင်းဆုံး လက်စွမ်းတွေနဲ့အတူ အေစီမီလန် ပွဲထွက်ဂိုးသမားနေရာကို အပိုင်သိမ်းထားတဲ့ လူငယ်လေး ဂီယန်လူဂျီဒွန်နာရမ်မာရော ယူရိုပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်ကောင်း ပါဝင်လာနိုင်ပါတယ်။ တိုက်စစ်မှာ မီလန်ရဲ့ စတီဖန် အယ်လ်ရှာဝါရီ၊ ဖီအိုရင်တီးနားရဲ့ ဖက်ဒရေကို ဘာနာဒက်စ်ချီ၊ ဆတ်ဆူလိုရဲ့ ဒိုမီနီကို ဘီရာဒီတို့ဟာ စိတ်လှုပ်ရှားစရာ အလားအလာတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ကွင်းလယ်မှာဆိုရင် လာဇီယိုရဲ့ ဒန်နီလို ကာတယ်လ်ဒီ၊ ဂျူဗင်တပ်ရဲ့ စတီဖာနိုစတူရာရိုတို့က လက်ရွေးစင်အသင်းကို တံခါးခေါက်နေပြီ။ နောက်တန်းလူတွေအနေနဲ့ မီလန်အတွဲဖြစ်တဲ့ မက်တီယာဒီဆစ်လီယိုနဲ့ အလက်ဆီယိုရိုမက်ဂ်နိုလီ၊ ဂျူဗင်တပ်ရဲ့ ဒါနယ်လီရူဂါနီတို့
ဟာ အီတလီရဲ့ အနာဂတ်တွေ ဖြစ်ပါတယ်။
အသက် (၂၃) နှစ် ကျော်နေပြီဖြစ်ပေမယ့် နာပိုလီအတွဲဖြစ်တဲ့ မာနိုလိုဂါဘီယာဒီနီ၊ ဂျော်ဂျင်ဟိုနဲ့လော်ရန်ဇို အင်ဆင်ဂီ၊ ရိုးမားရဲ့ အလက်ဇန္ဒရို ဖလော်ရန်ဇီ၊ ဆတ်ဆူလိုရဲ့ နစ်ကိုလာ ဆန်ဆိုနီတို့ဟာလည်း နိုင်ငံတကာအဆင့် ခြေစွမ်းမျိုးပိုင်ဆိုင်ထားကြပါတယ်။ အီတလီရဲ့ မျိုးဆက်သစ်တွေထဲမှာ ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်တိုက်စစ်သမားတွေနဲ့ တိုက်
စစ်မှူးကောင်းတွေတော့ ရှားပါးနေဆဲပါ။
ဂျာမနီ
လက်ရှိ ကမ္ဘာ့ချန်ပီယံ ဂျာမနီမှာလည်း ဖိလစ်လမ်း၊ ပါးမာတီဆက်ကာအစရှိတဲ့ လူဟောင်းတွေ နားသွားတဲ့နောက် သွေးသစ်တွေကို နေရာပေးပြီး ယူရိုပြိုင်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ ဂျာမနီ
လူစာရင်းမှာ လူငယ်ကွင်းလယ်တိုက်စစ်သမားတွေ ဖြစ်ကြတဲ့ မာရီယိုဂေါ့ဇီ၊ ဂျူလီယန်ဒရိုက်ဆလာတို့ကတော့ သူတို့ရဲ့ ပါရမီကို
အငြင်းပွားဖွယ်မရှိ သက်သေပြထားပြီးပါပြီ။ ဘာစီလိုနာဂိုးသမားလေး မက်အန်ဒရီတာစတီဂျန်၊ ဘိုရူးရှားဒေါ့မွန် နောက်ခံလူတွေဖြစ်တဲ့ အဲရစ်ခ်ဒမ်နဲ့ မားသီးယက်စ်ဂင်တာ၊ ရိုးမားခံစစ်က အန်တိုနီယို ရူဒီဂါ၊ ဗလင်စီယာနောက်ခံလူ ရှခိုဒရန်မူစတာဖီ၊ ဟော်ဖန်ဟိုင်း တိုက်စစ်မှူးလေး ကီဗင်ဗော်လန်းနဲ့ ရှော်လ်ကေး ရှေ့တန်းကစားသမားလေး လီရွိုင်ဆိန်းတို့လည်း သူတို့ရဲ့ လက်ရွေးစင်ပွဲဦးထွက်ခွင့်တွေကို အသီးသီးရရှိထားပြီးပါပြီ။ လီဗာပူးနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အမ်မရီချန်လည်း ယူရိုမှာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြသခွင့်ရလာနိုင်ပါသေးတယ်။ ဘေယာလေဗာကူဆင်နဲ့အတူ တောက်ပလာတဲ့ အသက် (၂၀) အရွယ် ခံစစ်မှူးလေး ဂျိုနသန်တာဟ် အနေနဲ့လည်း အသင်းရဲ့ လူစာရင်းတစ်နေရာစာအတွက် မျှော်လင့်ချက်ရှိပါတယ်။
အသက် (၂၃) နှစ် ကျော်လွန်နေပြီဖြစ်ပေမယ့် ဘန်းဒ်လီနို၊ အန်ဒရီရှာရဲလ်၊ မာကိုရူးစ်၊ သောမတ်စ်မူလာ၊ တိုနီခရူးစ်၊ အိုင်ကေဂွန်ဒိုဂန်တို့လို နေရာအလိုက် ကမ္ဘာ့အဆင့် ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားဆဲ ဖြစ်တာကြောင့် ဂျာမနီရဲ့ ဘောလုံးအဆင့်အတန်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း ထိပ်တန်းအဆင့်က ဆက်ပြီး တည်မြဲနေဦးမှာ ဖြစ်ပါတယ်။ ဂျာမနီရဲ့ အဓိကပြဿနာက မီယိုဆလက်ဗ် ကလိုဆေးခေတ်နောက်ပိုင်းအထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက် မွေးထုတ်ပေးဖို့ ခက်ခဲနေတာပါပဲ။
စပိန်
လက်ရှိချန်ပီယံ စပိန်ကလည်း Tiki Taka ခေတ်နောက်ပိုင်းမျိုးဆက်တစ်ခု ထပ်မံအသက်သွင်းဖို့ အသင့်ဖြစ်လာပါပြီ။ လာလီဂါမှာ ခြေစွမ်းပြနေတဲ့ လူငယ်ဥရောပတစ်လွှားမှာ စပိန်လူငယ်တွေဖြန့်ကြက် အတွေ့အကြုံယူကစားနေခြင်းက လက်ရွေးစင်အသင်းအတွက် အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ ဂိုးပေါက်ကို ကာကွယ်ဖို့အတွက် ဆီဗီလာရဲ့ ဆာဂျီယိုရီကိုနဲ့ ရီးရဲလ်ဗယ်လာဒိုလစ်က ကီပါအာရီဇာဘာလာဂါတို့ဟာ လက်ရွေးစင်အသင်းဆီက အခေါ်ကို စောင့်နေပါပြီ။ ခံစစ်ဘယ်ခြမ်းမှာ ဗလင်စီယာရဲ့ ဟိုဆေးဂေယာ၊ ဘိုင်ယန်မြူးနစ်က ဟွမ်ဘားနတ်တို့ အပြိုင်ခြေစွမ်းပြနေတယ်။ ညာခြမ်းမှာလည်း အာဆင်နယ်ရဲ့ ပွဲထွက်ခံစစ်သမားဖြစ်နေတဲ့ ဟက်တာဘယ်လာရင်ရှိနေပြန်တယ်။ စပိန်ရဲ့ လူငယ်သွေးသစ်အင်အားစုမှာ အားအကောင်းဆုံးက ကွင်းလယ်စုဖွဲ့မှုပါပဲ။ ရီးရဲလ်မက်ဒရစ်ရဲ့ ဂျီဆီရိုဒရီဂွက်ဇ်နဲ့ အစ္စကို၊ အက်သလက်တီကို မက်ဒရစ်ရဲ့ ဆောလ်နီဂက်ဇ်နဲ့ အိုလီဗီရာတောရက်စ်၊ အဲဗာတန်ရဲ့ ဂါရတ်ဒူလိုဖူတို့အားလုံး သက်ဆိုင်ရာ အသင်းအသီးသီးမှာ ပုံစံကောင်းတွေ ရနေကြတယ်။ တိုက်စစ်မှာလည်း ဂျူဗင်တပ်ရဲ့ အယ်လ်ဗာရိုမိုရက်တာ၊ ဗလင်စီယာရဲ့ ပါကို အယ်လ်ကာဆာတို့ဟာ လက်ရွေးစင် အဆင့်မှာ နေရာမြဲနေပါပြီ။
အသက် (၂၃) နှစ်အထက် အရွယ်ကောင်း ကစားသမားတွေထဲမှာ ဒေးဗစ်ဒီဂီယာ၊ ကိုကီ၊ သီယာဂိုအယ်လ်ကန်ထရာ၊ ယော်ဒီအယ်လ်ဘာတို့ဟာ ကမ္ဘာ့အဆင့် ခြေစွမ်းပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ စပိန်ရဲ့ လက်ရှိလူအင်အားဟာ တောင့်တင်းဆဲဖြစ်ပြီး လူငယ်တွေကလည်း အစားထိုး ဝင်လာဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ စပိန်ရဲ့ လူငယ်အင်အားစုမှာ ဗဟိုခံစစ်နေရာကတော့ အားနည်းချက်တွေရှိနေတာ တွေ့နိုင်ပါတယ်။
ဘယ်လ်ဂျီယံ
လက်ရှိကမ္ဘာ့အဆင့် ရပ်တည်မှု နံပါတ် (၁) နေရာကို သိမ်းပိုက်ထားတဲ့ ဘယ်လ်ဂျီယံကတော့ ဟန်ချက်အညီဆုံး လူငယ်အင်အားစုကို ပိုင်ဆိုင်ထားတယ်လို့ ညွှန်းရပါလိမ့်မယ်။ ချယ်လ်ဆီးရဲ့ သီဘောက်ကော်တွိုက်စ်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး စာရင်းဝင်ဂိုးသမား တစ်ယောက်ပါ။ နောက်တန်းမှာ အွိုင်စတန်ရဲ့ ယော်ဒန်လူကာကူ၊ မန်ချက်စတာစီးတီးကနေ ဂါလာတာဆာရေးကို အငှားထွက်ကစားနေတဲ့ ဂျေဆန်ဒီနေယာတို့ ရှိနေတယ်။ ကွင်းလယ်မှာ ဘိုရူးရှား မိုချန်ဂလာဘတ်ရဲ့ သော်ဂန်ဟာဇက်၊ အက်သလက်တီကို မက်ဒရစ်ရဲ့ ယန်နစ်ခ်ကာရက်စ်ကို၊ ဗလင်စီယာရဲ့ ဇာကိုင်ရာဘက်ကာလီတို့ အားလုံးသက်ဆိုင်ရာ ကလပ်အသင်းအသီးသီးမှာ ခြေစွမ်းပြနေကြတယ်။ တိုက်စစ်နဲ့ တောင်ပံတွေမှာလည်း အဲဗာတန်ရဲ့ ရိုမီလူ လူကာကူ၊ လီဗာပူးရဲ့ ဒီဗော့ခ်အော်ရီဂီ၊ မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဒ်နန်ယာနူဇက်နဲ့ အိုလံပစ် မာဆေးလ်ရဲ့ မစ်ချီ ဘတ်ရှူဝါရီတို့ အားလုံးဟာ ပင်ကိုအရည်အသွေးကောင်းမွန်သူတွေချည်း ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ လူစာရင်းမှာ အီဒင်ဟာဇက်၊ နာဆာချက်ဒ်လေ၊ တိုဘီအယ်လ်ဒါဝီရဲလ်၊ ကီဗင်ဒီဘရွမ်းအစရှိတဲ့ အသက်အရွယ်အရရော၊ ခြေစွမ်းအရပါ တိုးတက်ဆဲ ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လူငယ်ရင်းမြစ်ကို ကြည့်မယ်ဆိုရင်တော့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းမှာ တောင့်တင်းပေမယ့် နောက်တန်းမှာတော့ မျှော်လင့်ချက်မြင့်မြင့်ထားရမယ့်သူမျိုး သိပ်မတွေ့သေးပါဘူး။
အင်္ဂလန်
ဘောလုံးဘိုးအေလို့ တင်စားခံရပြီး မြန်မာပရိသတ် အချစ်တော်ဖြစ်တဲ့ အင်္ဂလန်ကလည်း မန်နေဂျာ ရွိုင်းဟော့ဆန်ရဲ့ နေရာပေးမှုကြောင့် လူငယ်တော်တော်များများကို စင်တင်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပြိုင်ပွဲဝင် အင်္ဂလန် လူစာရင်းမှာလည်း သွေးသစ် ကစားသမားတွေ အများအပြား ပါဝင်လာဖွယ်ရှိနေတယ်။ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ချိန်က လူငယ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းက အဓိက ကျခဲ့တာကြောင့် ဟော့ဆန်က သူ့ရဲ့ ချာတိတ်တွေကို ယုံကြည်နေပါလိမ့်မယ်။ ဂိုးသမားနေရာအတွက် ဒီရာသီ စတုတ်စီးတီးနဲ့အတူ အပျံစား လက်စွမ်းပြခဲ့တဲ့ ဂျက်ဘတ္တလန်ဟာ ဂျိုးဟတ်ရဲ့ နေရာကို ခြိမ်းခြောက်လာပါပြီ။ ခံစစ်ညာခြမ်းမှာ အာဆင်နယ်ရဲ့ ကာလမ်ချမ်ဘာစ်၊ ဘယ်ခြမ်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့ လုခ်ရှော၊ ဗဟိုနေရာအတွက် အဲဗာတန်ရဲ့ ဂျွန်စတုန်းနဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ အဲရစ်ခ်ဒိုင်ရာတို့ဟာ အင်္ဂလန်အနာဂတ် အုတ်တံတိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဖရန့်ခ်လမ်းပတ်နဲ့ စတီဗင်ဂျရတ်တို့ မရှိတော့ချိန်မှာ အဲဗာတန်ရဲ့ ရော့စ်ဘာကလေဟာ ကွင်းလယ်မှာ ပိုပြီးတာဝန်ယူ ဦးဆောင်လာမှာ ဖြစ်သလို ဆောက်သမ်တန်ရဲ့ ဂျိမ်းစ်ဝတ်ဒ် ပရောက်ဆာကလည်း စောင့်ကြည့်သင့်တဲ့ လူငယ်တစ်ယောက်ပါ။ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှု အပိုင်းမှာတော့ ဒီရာသီ တော့တင်ဟမ်ဟော့စပါးနဲ့အတူ တစ်ဟုန်ထိုး တိုးတက်လာတဲ့ ဒယ်လီအလီရှိနေပြန်တယ်။ တောင်ပံတွေအတွက်တော့ မန်ချက်စတာစီးတီးရဲ့ ရာဟင်းမ်စတာလင်၊ အာဆင်နယ်ရဲ့ အဲလက်စ် အော့စ်လိဒ်ချိန်ဘာလိန်တို့ဟာ လက်ရွေးစင်အတွေ့အကြုံကောင်းတွေ ရရှိထားပြီး ဖြစ်နေပါတယ်။ တိုက်စစ်မှာတော့ စပါးရဲ့ ဟယ်ရီကိန်းဟာ အနာဂတ်အင်္ဂလန်ထိုးစစ်မြားဦး နေရာအတွက် သေချာသလောက် ရှိနေပြီး ယူနိုက်တက်မှာ မထင်မှတ်ဘဲ တောက်ပလာတဲ့ (၁၈) နှစ်သားလေး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာလည်း ယူရိုပြိုင်ပွဲအတွက် ရွေးချယ်သင့်ကြောင်း တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါပြီ။
ပြိုင်ပွဲအဆက်ဆက် နာမည်ကြီးပေမယ့် နည်းဗျူဟာပိုင်း၊ စိတ်ဓာတ်ပိုင်း လိုအပ်ချက်တွေကြောင့် မှန်းသလောက် ဘယ်တော့မှ မဖြစ်ခဲ့တဲ့ အင်္ဂလန်ဟာ လူငယ်တွေအပြင် ခရစ်စမောလင်း၊ နသန်နီရယ်လ်ကလိုင်း၊ ယော်ဒန်ဟန်ဒါဆင်၊ ဒန်နီဝဲလ်ဘတ်တို့လို အရွယ်ကောင်း၊ ခြေစွမ်းထက် ကစားသမားတွေရဲ့ ရုန်းကန်အားကိုပါ ရယူပြီး ဒီပြိုင်ပွဲမှာတော့ အဆင့်တစ်ခုခုထိ လက်ဆုပ်လက်ကိုင် တိုးတက်လာအောင် ကြိုးစားပါလိမ့်မယ်။
အခြားအသင်းများ
ယူရိုပြိုင်ပွဲဝင် တခြားအသင်းတွေမှာလည်း အလားအလာကောင်းတဲ့ ကြယ်ပွင့်သစ် လူငယ်တွေ ပါဝင်လာနိုင်ပါတယ်။ ပေါ်တူဂီမှာဆို စပို့တင်းလစ္စဘွန်း ကွင်းလယ်အတွဲ ဝီလျံကာဗယ်ဟိုနဲ့ ဂျိုအိုမာရီယာ၊ လောရီရန့် ဘယ်နောက်ခံလူ ရာဖေးလ် ဂွာရဲရို၊ မိုနာကိုရဲ့ အက်ဒရီယန် ဆေးလ်ဗားနဲ့ အိုင်ဗန်ကာဗယ်လိုင်ရို၊ ပေါ်တို အလယ်တန်းလူ ရူဘန်နာဗက်စ်နဲ့ ဘင်ဖီကာကွင်းလယ်က ဂွန်ကာလိုဂူဒက်စ်တို့ အားလုံးဟာ လက်ရွေးစင်အဆင့်မှာ ပါဝင်ခွင့် ရနေတဲ့ လူငယ်ခြေတက်တွေပါ။
တူရကီမှာတော့ ဘေယာလေဗာကူဆင် ကွင်းလယ်တိုက်စစ်သမားလေး ကန်ကယ်လ်ဟာနိုဂလူဟာ အသင်းရဲ့ အဓိက မောင်းနှင်အားအဖြစ် တာဝန်ယူနေပါတယ်။ အာမက်ယီလ်မက်ဇ် ကာလစ်ခ်၊ ကက်ဂ်လာ ဆိုယွန်ကူ၊ အိုဇန်တူဖန်၊ အိုဂူဇန်အိုဇီကွပ်၊ အီနက်စ်အူနဲလ်အစရှိတဲ့ ကစားသမားလေးတွေလည်း လက်ရွေးစင်အသင်းမှာ အသီးသီးရွေးချယ်ခံခဲ့ဖူးပြီး ဖြစ်ပါတယ်။
ခရိုအေးရှားမှာတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မက်တီယို ကိုဗာဆစ်၊ အင်တာမီလန်က မာဆယ်လို ဘိုဇိုဗစ်၊ မိုနာကိုရဲ့ မာရီယိုပါဆယ်လစ်၊ ဗီရိုနာတိုက်စစ်မှူး အန်တီရီဘစ်၊ ဘာစီလိုနာကနေ စပို့တင်းဂီဂျွန်မှာ အငှားသွားကစားနေတဲ့ ကွင်းလယ်တိုက်စစ်သမားလေး အလန်ဟာလီလိုဗစ်တို့ထဲက ဘယ်သူတွေ ယူရိုပြိုင်ပွဲကို လိုက်ပါလာခွင့်ရမလဲ စောင့်ကြည့်ရပါမယ်။
ဩစတြီးယားမှာဆိုရင် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ်အလာဘာ၊ ပိုလန်မှာတော့ အေဂျက်စ်အမ်စတာဒမ်တိုက်စစ်မှူးလေး အာကန်ဒီရက်ဇ်မီလစ်ခ်၊ ဆွစ်ဇာလန်မှာ ၀ုဖ်ဘတ်ဘယ်နောက်ခံလူ ရီကာဒိုရိုဒရီဂွတ်ဇ်နဲ့ ဘိုရူးရှား မိုချန်ဂလာဘတ်ကွင်းလယ်လူ ဂရာနစ်ရှာခါ၊ မြောက်အိုင်ယာလန်မှာ မန်ချက်စတာယူနိုက်တက် ဗဟိုနောက်ခံလူ ပက်ဒီမက္ကနေးအစရှိတဲ့ လူငယ်လေးတွေဟာ ယူရိုပြိုင်ပွဲကြီးမှာ ပါဝင်ခြေစွမ်းပြဆင်နွှဲဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
Share:

Related Posts:

0 comments:

Post a Comment